မီဒီယာလွတ်လပ်ခွင့်နှင့်
မြန်မာနိုင်ငံ
မြန်မာနိုင်ငံရဲ့မီဒီယာလွတ်လပ်ခွင့်က
မေးခွန်းထုတ်စရာတွေဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်က မရှိမဖြစ်လိုအပ်ပါတယ်။
မီဒီယာလွတ်လပ်ခွင့်လိုအပ်ခြင်းက ပြည်သူတွေရဲ့ သဘောထား၊ အမြင်နဲ့ ဆန္ဒကို ထုတ်ဖော်နိုင်ဖို့
ဖြစ်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်မရှိရင် ပြည်သူတွေရဲ့ သဘောထား၊ အမြင်နဲ့ ဆန္ဒကို ဘယ်လိုမှ
ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့်ကို မရှိမဖြစ်လိုအပ်ပါတယ်။
ဒါပေမယ့်
မီဒီယာလွတ်လပ်ခွင့်ကို ကောင်းစွာနားလည်ထားဖို့လိုပါတယ်။ အခုပြောနေတဲ့ မီဒီယာလွတ်လပ်ခွင့်ဆိုတာဘာလဲ။ ဘယ်သူတွေက ပေးရမှာလဲ။ ဘယ်သူတွေကတာဝန်ခံရမှာလဲ။ မီဒီ ယာ တွေက ဘာတွေလုပ်ကြမှာလဲ။
မီဒီယာတွေရဲ့ကျင့်ဝတ်က ဘာတွေလဲ။ မီဒီယာတွေ ကျင့်ဝတ်စောင့် ထိန်းမှု ကို ဘယ်သူတွေက ထိန်းကျောင်းမှာလဲ။
ဒီမေးခွန်းတွေကို ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့သူ Stake-holders များကလဲ ကောင်းစွာသိနေဖို့လိုတယ်။
ဒီလိုမှမဟုတ်ရင် ဘယ်သူနဲ့ဘယ်သူ ဘာတွေဖြစ်နေတယ် နားမလည်နိုင်အောင် အမယ်ဘုတ်ရဲ့သူ့ချည်ခင်ဖြစ်နေမှာပဲ။
မီဒီယာက ဘယ်သူ့ကို ကိုယ်စားပြုနေလဲ
ဒီမေးခွန်းက
ဖြေမှ ဖြစ်မယ်။ ပြည်သူကို ကိုယ်စားပြုတယ်လို့တော့ မပြောနဲ့ ဟုတ်မှ မဟုတ်ဘဲ။ အရင် တစ်ပါတီစနစ်
နဲ့ အာဏာရှင် စနစ်မှာတော့ အဖြေတစ်မျိုးဖြစ်မယ်။ တစ်ပါတီစနစ်မှာ ပြည်သူ့အတွက် မီဒီယာလို့
ပြောခဲ့တယ်။ ပြည်သူ့အတွက် မြန်မာ့အသံလေ။ ပညာပေးမယ်၊ ဖြေဖျော်မယ်၊ ပြန်ကြားမယ်ဆိုလားပဲ။
အဲ့ဒီ မီဒီယာက အစိုးရပိုင်တယ်။ သတင်းကို သူလိုသလို တည်းဖြတ်ပြီးမှ ပြည်သူ့ကို ဖြန့်ဝေတယ်။
သူမသိစေချင်တာဆို ပြည်သူကို ပေးမသိဘူး။ ဒါကြောင့် နိုင်ငံခြားအသံလွှင့်ဌာန ကို အားကိုးပြီး
သတင်းနားထောင်ကြရတယ်။ ဒါတောင် ခိုးချောင်ခိုးဝှက် နားထောင်ကြရတာ။
တစ်ပါတီစနစ်မှာတော့
သတင်းမီဒီယာကို သူဝါဒဖြန့်ချီရာဌာနအဖြစ် တွင်တွင်ကျယ်ကျယ်သုံး တယ်။ နိုင်ငံရဲ့အချုပ်အခြာအာဏာသုံးရပ်မှာ စတုတ္တမဏ္ဍိုင်အဖြစ်ထည့်သွင်းတယ်။ သူ့အစီအစဉ်နဲ့သူ အစဉ်ပြေတယ်။ ပုဂ္ဂလိကပိုင်မီဒီယာတွေကို
လွတ်လပ်ခွင့်မပေးဘူး တင်းကြပ်စွာစီစစ်တယ်။ ရေးချင် တာရေးလို့မရဘူး။ သူခွင့်ပြုမှ ထုတ်ဝေနိုင်တယ်။
တစ်ပါတီအာဏာရှင် သဘောသဘာဝ အတိုင်းပေါ့။
စစ်အာဏာရှင်စနစ်မှာလဲအတူတူပဲပေါ့။ သတင်းမီဒီယာမှာ ပဂိုးဒါးနဲ့ ဆိုးဂျား ကို အမြဲလိုတွေ့ရ တယ် လို့ လှောင်ကြ
တယ်။ ဒါလဲ သူတို့ကောင်းကြောင်း ဝါဒဖြန့်ရတာကိုး။ ဒီလိုပဲဖြစ်မှာပေါ့။
အရင်းရှင်ဒီမိုကရေစီလားခေါ်ရမလား၊
ပြည်သူ့ဒီမိုကရေစီခေါ်ရမလားမသိတဲ့ ဒီနေ့ခေတ်မှာရော မီဒီယာက ဘယ်သူ့ ကို ကိုယ်စားပြုမှာလဲ။
ဘယ်သူ့ကို ကိုယ်စားပြုနေလဲ။
နိုင်ငံပိုင်မဟုတ်တဲ့မီဒီယာတွေဖြစ်လာပြီ။ အစိုးရကလဲကန့်သတ်ထားတဲ့နှစ်အတွင်းမှာ ရွေးကောက် ပွဲရလာဒ်အရ ပြောင်းလဲနေမှာဖြစ်တယ်။ နိုင်ငံပိုင်၊ အစိုးရပိုင် မဟုတ်တဲ့မီဒီယာက နိုင်ငံနဲ့အစိုးရကို ကိုယ် စားပြုမှာ မဟုတ်တာတော့အမှန်ပဲ။ ကိုယ့်ထမင်းကိုယ်စားပြီး ပြည်သူကိုကိုယ်စားပြုတယ်ဆိုတာလဲ ယုံနိုင် စရာမရှိဘူး။
သူတို့ ကိုယ်စားပြုရင် သူတို့ပိုင်ရှင်ကိုပဲ ကိုယ်စားပြုမှာပါ။ သတင်းစာတိုက်၊ အသံလွှင့်ဌာန
ပိုင်ဆိုင်သူရဲ့ အကျိုးစီးပွားကိုပဲ ရည်ရွယ်ထုတ်မှာသေချာပါတယ်။ ဈေးကွက်ဝင်မဲ့၊ အများကြိုက်မဲ့
သတင်းတွေ၊ ဂျာနယ်တွေ၊ ရုပ်သံတွေပဲဖြစ်မှာသေချာတယ်။ ဒါကြောင့် တောကြိုက်၊ မြို့ကြိုက်
ခွဲခြားပြီး သူ့ဈေးကွက်ကိုရှာကြတယ်။ ပေါကားတွေရိုက်လာကြတယ်။ အပြစ်မဟုတ်ပါဘူး။ ပေါကားဗွီဒီယို
ကြည့် မယ့်သူ မရှိရင် အရှုံးခံပြီး ရိုက်ကူးမဲ့၊ ထုတ်လုပ်မဲ့သူ တစ်ယောက်မှရှိမှာ မဟုတ်တာသေချာပါတယ်။ အားလုံးမှာ
သူ့ပရိဿတ်နဲ့သူရှိပါတယ်။ အရင်းရှင်စနစ်မှာ ဈေးကွက်ရဲ့တောင်းဆိုမှု့အတိုင်း ထုတ် လုပ်ကြတာပါ။
ဝယ်လိုအားရှိမှ ထုတ်လုပ်မှာပါ။
ဒါဆိုရင် သတင်းမီဒီယာကရောဘယ်လိုလဲ။ ဒီလိုပါပဲ ဂျာနယ်ရောင်းအားတက်မဲ့၊ စာစောင် မဂ္ဂဇင်းရောင်းအားတက်မဲ့ စာတွေ၊ ရေးကြ၊ ထုတ်ကြတာပါပဲ။ သူ့တိုက်ရဲ့ မူနဲ့ သူထုတ်ကြမှာပါ။ အားကစားသတင်းရေးတဲ့ဂျာနယ်က
ရသစာတွေ သူ့ဂျာနယ်မှာမထည့်ဘူး။ သရဲတွေ၊ တစ္ဆေတွေ အကြောင်းထုတ်တဲ့စာစောင်ကလဲ အားကစားသတင်းတွေထည့်မှာမဟုတ်ဘူး။ နေစဉ်သတင်းစာတွေကလဲ သူကိုင်းညွှတ်ရာသတင်း၊ သူသတင်းစာမူနဲ့ကိုက်ညီတဲ့သတင်း သူထည့်တာပါပဲ။
တစ်ပါတီခေတ်ကလို သတင်းစာတိုင်း သတင်းတွေတူနေတာမျိုးတော့တွေ့ရမှာမဟုတ်ဘူး။ သတင်းတစ်ခုတည်းကိုတင်ပြရင် တောင်
အမြင်မတူ၊ တင်ပြပုံမတူတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီတော့ မီဒီယာဆိုတာ
ဒီမိုကရေစီခေတ်မှာ သူ့ဈေးကွက်ကိုပဲ သူကိုယ်စားပြုမှာသေချာပါတယ်။ သူကို ပိုင်ဆိုင်တဲ့၊
ထုတ်ဝေတဲ့ မူလပိုင်ရှင်ရဲ့အလိုကျ သူ့မူဝါဒနဲ့သူထုတ်ကြမှာပဲ။
ပြည်သူတွေရဲ့အသံ
မီဒီယာသည် စတုတ္တမဏ္ဍိုင်လား
မီဒီယာကို
တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုရဲ့ စတုတ္တမဏ္ဍိုင်လို့ ဘယ်သူက ဘယ်လိုတင်စားခဲ့တယ် မပြောတတ်ဘူး။
ဒီစကားကြီးက ခေတ်စကားနဲ့ဆိုရင် ဂျင်းအကြီးစားကြီးဖြစ်မယ်။ တကယ်တော့ တိုင်းသူပြည်သားများရော၊
အစိုးရပါ မီဒီယာကို အသုံးချတဲ့ ကိရိယာ (ဘိုလိုပြောရင် Tools ပေါ့လေ) ဒီလိုပဲ သုံးကြတာဖြစ်ပါတယ်။
ကိရိယာတစ်ခုသာဖြစ်တဲ့ မီဒီယာကို အရေးပါတဲ့ နိုင်ငံရဲ့ဒေါက်တိုင်လို့မြင်ရင် အတော်လေးတော့
မှားမယ်ထင်တယ်။
ဆိုရှယ်မီဒီယာတွေကို
အလေးထားလာရင် ပြဿနာက ပိုကြီးလာမယ်။ ဆိုရှယ်မီဒီယာတွေမှာ တာဝန်ခံမှု့မရှိဘူး။ အပျင်းပြေ ငွေရအောင်ဖန်တီးထားတာသက်သက်ပါ။ ဥပမာ ဖေ့စ်ဘုတ်လိုဟာမျိုး တွေက အပျင်းပြေ၊ အပျော်သဘော
ရေးချင် တာလျှောက်ရေးကြတာ။ ဒါတွေကိုတကယ်ကြီးလို့ထင်ရင် ထင်တဲ့သူမှာ အန္တရာယ်ရှိလာမှာဖြစ်ပါတယ်။
ဒီ ဖေ့စ်ဘုတ်လို မီဒီယာ တွေက ဘာနဲ့တူလဲဆိုရင် ရပ်ထဲရွာထဲ မိန်းမတွေ သန်းရှာရင်း၊ သန်းဥတုတ်ရင်း
အတင်းပြောသလိုပါပဲ။ မှန်ချင်မှန်မယ်။ မှားချင် လဲ မှားမယ်။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော
ပါမယ်။ တဆင့်ပြန်ကြားရင် ရန်ဖြစ်ကြမယ်။ ပြီးတော့လဲ ပြီးသွားမယ်။ အတင်းပြောတာကို တရားဝင်လို့ဘယ်သူမှ
အသိအမှတ်မပြုကြဘူး။ လိုက်လဲဖြေရှင်းနေ ကြတာမဟုတ်ဘူး။ ပါးစပ်ညောင်းရင် တိတ်သွားမယ်လို့
သဘောထားပြီး အရေးလဲမထားကြပါဘူး။ အတင်းပြော တာ လိုက်ဖြေရှင်းရင် ဖြေရှင်းတဲ့သူက အရူးဖြစ်မှာပဲ။
စဉ်းစားကြည့်လေ
အဲ့ဒီ ဖေ့စ်ဘုတ်မီဒီယာက အမှန်တွေဖြစ်မယ်လို့ ဘယ်သူကတာဝန်ခံထားလို့လဲ။ “ငါ လူတစ် ယောက်ကို
အခု ခုတ်ထစ်ပြီးတစ်စစီပိုင်းသတ်လိုက်ပြီ” လို့ရေးရင်ကော ဘယ်သူက မရေးနဲ့လို့တားမှာလဲ။
လူတစ်ယောက် စိတ်ကူးတည့်တာ လျှောက်ရေးနိုင်တဲ့နေရာတစ်ခုပါ။ ခက်တာက မြန်မာပြည်မှာ ဒီကောင်ကြီးကမှန်နေသလိုလို၊
အဟုတ်ကြီးလို ဖြစ်နေတာက တကယ်တော့ရယ်စရာကြီးပါ။ အဖြစ်မှန်တွေကို ပြည်သူတွေဆီ မိနစ်ပိုင်း
စက္ကန့်ပိုင်းအတွင်း အရောက်ပို့နိုင်တဲ့ မီဒီယာမရှိတဲ့ပြဿနာပါ။ တည်းဖြတ်သူတွေ၊ တာဝန်ယူအတည်ပြုပေးမဲ့သူတွေရှိတဲ့
သတင်းမီဒီယာကြီးတွေ က Online Media ကိုသုံးပြီး ပြည်သူတွေဆီကို သတင်းတွေအချိန်မီပို့ပေးနိုင်ခြင်းမရှိသေးတာပါ။
ဒီလိုတာဝန်ယူပေးနိုင်တဲ့ သတင်းမီဒီယာတွေရှိရင် ဖေ့စ်ဘုတ်ထဲရေးချင်တာရေးလဲ တာဝန်ယူတဲ့သတင်းမီဒီယာတွေထဲဝင်ကြည့်ပြီး တော့
သေချာသလားစစ်ဆေးနိုင်၊ မေးမြန်းနိုင် မှာပါ။
အခုတော့
“သမီးလှလား” “ ငါ အရက်သောက်နေပြီ” တစ်ခါတစ်လေ ဆဲချင်ရာ ဆဲနေတဲ့ ဖေ့စ်ဘုတ်ကြီးကို တကယ်ကြီးလိုထင်နေကြတာ ပြဿနာတစ်ခုပါ။ နောင်တော့ ဒီလိုအပ်ချက်တွေကိုဖြည့် လာကြမှာပါ။ ဒါလဲ
ဈေးကွက်ရဲ့တောင်းဆိုမှု တစ်ခုဖြစ်လာနေပြီပဲ။
ပြောချင်တာက
ဒီမိုကရေစီခေတ်မှာ သတင်းမီဒီယာဆိုတာ အသုံးချခံကိရိယာတစ်ခု၊ အသုံး ချနိုင်တဲ့ကိရိယာတစ်ခုသာ
ဖြစ်ပြီး စတုတ္တမဏ္ဍိုင်ကြီးတော့ မဟုတ်လောက်ဘူးဆိုတာပါပဲ။
သတင်းမီဒီယာကို ဘယ်လိုထိန်းကျောင်းမလဲ
မီဒီယာသမားတွေမှာ
ကျင့်ဝတ်တွေရှိတယ်။ ကျင့်ဝတ်တွေက မလိုက်နာရင်မဖြစ်လို့ ချမှတ်ထားတဲ့ ကျင့်ဝတ်တွေဖြစ်ပါ
တယ်။ ဘယ်သူမှ ဒုက္ခခံပြီးလိုက်နာနေကြတာမဟုတ်ပါဘူး။ မလိုက်နာရင် မဖြစ်လို့ကို လိုက်နာကြရတာပါ။
အဲ့ဒီကျင့်ဝတ်တွေမလိုက်နာရင် သူတို့ဈေးကွက်ဦးတည်အုပ်စုထဲမှာပါတဲ့ ပြည်သူတွေ က အယုံအကြည်မရှိဖြစ်လာမယ်။
သူတို့ နာမည်ကောင်းမရ ဖြစ်မယ်။ သူတို့ရေရှည်ရပ်တည် လို့မရ ဖြစ်မယ်။ ဒါကြောင့် လိုက်နာရမယ်လို့ချမှတ်ထားတာပါ။
ပြည်သူကရွေးချယ်တင်မြောက်လို့
အစိုးရဖြစ်လာတဲ့သူများကလဲ ပြည်သူတွေအကျိုးစီးပွားအတွက်၊ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေကိုကာကွယ်မဲ့
ဥပဒေတွေကို ပြဌာန်းပြီး မီဒီယာလုပ်ငန်းတွေကို ကြီးကြပ် ကြ တာဖြစ်ပါတယ်။
မီဒီယာကို
ထိန်းကျောင်းမှာ ဥပဒေနဲ့ ကျင့်ဝတ်တွေဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
သတင်းမီဒီယာက
ဈေးကွက်အလိုအရရေးချင်တာတွေရေးတာကို ဥပဒေတွေနဲ့ ထိန်းကျောင်းကြရတာပါပဲ။ ကျင့်ဝတ်ဆိုတာကတော့
ကိုယ်တိုင်လိုက်နာကြရတာပါ။ မလိုက်နာရင် ဘာဖြစ် မလဲ။ မလိုက်နာရင် ပရိဿတ်အယုံအကြည်မဲ့ပြီး
ရပ်တည် လို့မရဘူးပေါ့။ မီဒီယာကျင့်ဝတ်ကိုမလိုက်နာရင် မီဒီယာလောကထဲက ဖယ်ထုတ်ခံရမှာပါ။
အခုလဲဥပဒေတွေရှိတယ်-
ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို
ကာကွယ်ပေးရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ စတာတွေနဲ့ ထိန်းကျောင်းထားတယ်။ ဥပဒေတွေ ကောင်းနေတယ်လို့ ပြောတာမဟုတ်ပါဘူး ရှိတယ်လို့ပဲပြောတာပါ။ ဥပေဒတွေ မကောင်းရင်တော့ ပြင်ပေါ့။
ဒါပေမဲ့ သတင်းမီဒီယာကို လွတ်လပ်ခွင့်တော့ပေးထားရမယ်။
ဒါကအရေးကြီတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိတာက ပြည်သူတွေကိုပါးစပ်ပိတ်ထားတာနဲ့တူတယ်။
ဥပဒေတွေက သတင်းမီဒီယာကို ပိတ်ပင်ဖို့မဟုတ်ရဘူး။ အစိုးရဆိုတာကြီး ကို ကာကွယ်ဖို့မဟုတ်ရဘူး။
အစိုးရဆိုတာ ပြည်သူတွေရွေး ကောက်လြို့ဖစ်လာတာ။ အစိုးရဆိုတာကြီးကို အထူးပြုကာကွယ် နေခြင်းကမှားတယ်။
အမှန်တကယ်က ပြည်သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ဖြစ်ရမယ်။
အခုမီဒီယာတွေကို ဖိနှိပ်တဲ့ ဥပဒေတွေရှိနေရင်
ဖျက်ဖို့ ပြင်ဖို့လိုမယ်။ ဒီမိုကရေစီကျင်သုံးတယ်ဆိုတဲ့ နိုင်ငံတွေမှာ ဒီလို ပဲ လွတ်လပ်ခွင့်ကိုတောင်းယူ
တိုက်ယူရတာပါပဲ။ တိုက်ယူရတယ်ဆိုလို့ ဒီမိုကရေစီနိုင်ငံ မှာ အခွင့်အရေးကို လွယ်လွယ်နဲ့
ရခဲ့ကြ တာမဟုတ်ဘူး။ အသက်ပါပေးပြီး တကယ့်ကို တိုက်ယူခဲ့ကြတာ ပါ။ မကြေနပ်ရင် အမေရိကန်ရဲ့သမိုင်းပြန်ကြည့်ပါ။
အခွင့် အရေး တောင်းယူရတဲ့ တိုက်ပွဲတွေ အများကြီး တွေ့နိုင်ပါတယ်။
သပိတ်မှောက်တာဆန်းသလား
ဒီမိုကရေစီနိုင်ငံမှာ
သပိတ်မှောက်တာ၊ ဆန္ဒပြတာထူးဆန်းတာမဟုတ်ပါဘူး။ သပိတ်မမှောက်ရင်၊ ဆန္ဒမပြရင်သာ ထူးဆန်းတာပါ။
အာဏာရှင်နိုင်ငံတွေမှာ သပိတ်မမှောက်၊ ဆန္ဒမပြအောင် ဥပဒေနဲ့ရော ဥပဒေမဲ့ပါ တားဆီး၊ နှိပ်ကွပ်ထားလို့
အသံမထွက်နိုင်ကြတာဖြစ်ပါတယ်။
မတူညီတဲ့အသံပေါင်းစုံ၊
သဘောထားပေါင်းစုံထွက်နေတာကိုက ဒီမိုကရေစီပါပဲ။ ညှိနှိုင်းဖို့ခက်ခဲတာလဲ ဒီမိုကရေစီပါပဲ
ဘုံသဘောတူညီချက်ရဖို့လဲကြမှာပါပဲ။ အာဏာရှင်ဆိုရင်တော့ ဘာအသံမှနားမထောင်ပဲ လုပ်ချင်တာလုပ်မယ်။
ပြည်သူတွေ ကတော့ အသံမထွက်နိုင်ပဲ ကြိတ်ခံပေါ့။
ဆန္ဒပြတာ
သပိတ်မှောက်တာ မထူးဆန်းပေမဲ့ ထူးဆန်းမှာက အလွန်အမင်းနိုင်ငံတော်ကို ချစ်တတ်သော၊ နိုင်ငံတော်ကြီး မတည်ငြိမ်းမှာကိုအလွန်အမင်းစိုးရိမ်သော၊ နိုင်ငံတော်ကြီးကို ငါမကယ်ရင် ချာက်ထဲကျမယ်ဟု
မိမိကိုယ်မိမိ အထင်ကြီးနေ သော၊ ငါသည်သာဗျာဒိတ်ရ နိုင်ငံကိုအုပ်စိုးရမည့် မင်းဖြစ်သည်ဟု
တစ်ယောက်တည်းကြိတ်စိတ်ကြီးဝင်နေသော၊ ဇာတိသွေးဇာတိမာန် အလိုလို ထက်သန် နေ သော ခပ်ကြောင်ကြောင်အရူးများက
အတင်းဝင်ကာ ကယ်တင်ရှင်လုပ်တတ်ကြပြီး ဒီမိုကရေစီ သားလျှောကာ အာဏာရှင်များပေါ်ထွက်လာ တက်ခြင်းဖြစ်ပါသည်။
အရေးကြီးနေတာက
အရေးကြီးနေတာက
တရားဥပဒေတွေရှိနေပြီး အသက်မဝင်တာ။ တရားဥပဒေမစိုးမိုးတာ။ တရားဥပဒေမစိုးမိုးရင် ဒီမို
ကရေစီလဲ အသက်ဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
လက်ရှိနိုင်ငံရဲ့အခြေအနေက
ဥပဒေတွေ အသက်မဝင်တာတွေ့နိုင်တယ်။ ပြည်သူတွေကို ဥပဒေတွေ၊ တရာရုံးတွေက အကာအကွယ်မပေးနိုင်တာတွေ့ရတယ်။
အခုလက်ငင်းကြုံနေရတဲ့ မီဒီယာ သမားများပြဿနာဟာ တရားဥပဒေစိုးမိုးမှုမရှိခြင်းဆိုတဲ့အကြောင်းက
အစကနေအဆုံးထိ ပါဝင် ပတ်သက်နေပါတယ်။ နိုင်ငံသားတွေအနေနဲ့ လက်သည်မပေါ်ဘဲ လမ်းပေါ်မှာ အကာအကွယ်မဲ့ အချိန် မရွေးသေသွားနိုင်တယ်ဆိုတာက ကောင်းတဲ့အခြေအနေတော့မဟုတ်ဘူး။ နိုင်ငံတော်က
နိုင်ငံသားတွေကို အကာအကွယ်မပေးရင် နိုင်ငံသားတွေကလည်း နိုင်ငံတော်ကို ချစ်မှာ၊ တန်ဖိုးထားမှာမဟုတ်တော့ဘူး။ ဒါဆိုရင် ဘာဖြစ်မလဲ။ နိုင်ငံပျက်တာပေါ့။ ရှင်းနေတာပဲလေ။
မောင်တို့
မယ်တို့ တရားဥပဒေ စိုးမိုးရေးကို အလေးထားကြဖို့က အရေးကြီးနေပြီ။
No comments:
Post a Comment